Tuesday, July 21, 2009

သင်္ကြန်၏ ပျော်ရွှင်မှု

သင်္ကြန်ရောက်တိုင်း ပျော်ကြရတယ်
ငယ်ငယ်တုန်းကတော့ ပျော်ခဲ့ရတာပေါ့။ နောက်ပိုင်းတော့ . . . . . .
သင်္ကြန်ဆိုတာ ပျော်စရာရက် အနည်းငယ်သာရှိခဲ့တယ်။
ဘာလို့လည်းဆိုတော့ သင်္ကြန်ရောက်တိုင်း အပျော်လွန်တတ်တဲ့ အစ်ကိုဖြစ်သူကြောင့်ပဲ။
သူက သင်္ကြန်ဆို အရမ်းပျော်တတ်တယ်။ အဲလိုပျော်တတ်လို့လဲ သူ့ကိုထိန်းရတာနဲ့ပဲ စိတ်ညစ်တယ်။ မပျော်ချင်တော့ဘူး။
သင်္ကြန်ရောက်ခါနီး ၄-၅ ရက်အလိုဆိုရင် အဖေက ဘုန်းကြီးဝတ်ပြီ။ သူ့ကိုထိန်းမယ့်လူမရှိလို့ သူအရမ်းပျော်ခဲ့တယ်။ မနက် မိုးလင်းတာနဲ့ စက်ဘီးစီးပြီးထွက်ပြီ။ ညနေ မိုးချုပ်မှ ပြန်လာတတ်တယ်။

သင်္ကြန် (၄) ရက်
အကြို
အကျ
အကြတ်
အတတ်

အဲဒီ (၄)ရက်မှာ အကြတ်(သို့)အတတ်နေ့ တစ်ခုမဟုတ်တစ်ခု ဖြစ်လာတယ်။ ဖြစ်တိုင်းလည်း သူ့ကြောင့်ပဲ။ ဖြစ်တဲ့နေရာအထိ လိုက်ခေါ်ရတယ်။ သူပြန်မလာနိုင်ဘူး။ မူးနေတာကိုး။ နှစ်တိုင်းပါပဲ။

၁၂-၄-၂၀၀၈ အဲဒီနှစ် ၀ါထပ်တယ်။ သင်္ကြန်က (၅) ရက်တောင်ကျတယ်။ ပျော်စရာပေါ့နော်။ သူ့အတွက်တော့။
ဒါပေမယ့် သူမပျော်နိုင်ခဲ့ဘူး။ သူမပျော်နိုင်ခဲ့သလို ငါတို့မောင်နှမတွေလည်းမပျော်နိုင်ခဲ့ဘူး။ ငါတို့ မိသားစုလည်းမပျော် နိုင်တော့ဘူး။ ဘာလို့လည်းဆိုတော့ ၂၀၀၈ သင်္ကြန်မှာ နင်မှမရှိတော့တာ။ နင် ငါတို့မိသားစုကို အပြီး နှုတ်ဆက်သွားခဲ့တယ်လေ။

၇-၄-၂၀၀၈ ပါပဲ။ ဘယ်လိုမှမယုံနိုင်တဲ့ အဖြစ်အပျက်တစ်ခုပဲ။ မနက်မိုးလင်းတော့တောင် နင်နဲ့ စကားများမလိုဖြစ်ခဲ့သေးတယ်။ ည ငါအလုပ်ပြန်တော့ နင်မရှိတော့ဘူးတဲ့။ ဆုံးပြီတဲ့။ ဘယ်သူယုံနိုင်မှာလဲ။ အဲဒီစကားကို။ ငါမယုံကြည်ခဲ့သလိုပဲ ဘယ်သူမှ မယုံကြည်ခဲ့ဘူးလေ။ နောက်တယ်ပဲထင်နေခဲ့တာပဲ။ ည (၁၁း၀၀)နာရီ ကျော်ကျော်မှာ အဖေ ပြန်ရောက်လာတယ်။ ရင်ခွဲရုံကနေ အတည်ပြုပေးလိုက်တယ်တဲ့ အသက်မရှိတော့ဘူးတဲ့။ မယုံကြည်နိုင်စရာစကားတစ်ခုပဲ။ လက်ခံလို့ကို မရခဲ့တာပါ။ ဘယ်သူယုံနိုင်မှာလဲ . . အဲဒီစကားကို ဒါပေမယ့် ပြောတဲ့လူက ပြောနေပြီလေ။ ရင်ခွဲရုံကတောင် အတည်ပြုပေးလိုက်ပြီပဲ။ ဘာတတ်နိုင်မှာလဲ။ မယုံချင်လည်း ယုံရတော့မှာပဲ။ တစ်ညလုံးအိပ်လို့မရဘူးဟာ။ ငါကြောက်ခဲ့တယ်၊ နင့်ကို ဘာလို့လည်းဆိုတော့ နင်က အမြဲစတတ်တာကိုး။ အခုလည်း စတယ်ပဲ မှတ်နေတယ်၊ ငါမှမဟုတ်ပါဘူး။ အကုန်လုံးက လည်း နင်စနေတယ်ပဲ ထင်နေတာပဲလေ။

၉-၄-၂၀၀၈ သဂြိုလ်မည့်ရက်ရောက်နေပြီ။ ဒါပေမယ့် နင်စ နေတယ်လို့ ငါထင်နေတုန်းပဲ။ ရေဝေးတော့ ပို့ခွင့်မရှိလို့ နင် ရေဝေးမရောက်ခဲ့ဘူးပေါ့။ နင် အလောင်းကို ငါတို့ မြင်ရတယ်။ အိပ်နေသလိုပဲ။ တကယ်အိပ်ပျော်နေသလိုပါပဲ။
နင့် ခေါင်းမှာ နင် ရိတ်ခဲ့တဲ့ ကနုတ်ခတ်ပုံ ဆံပင်ကို နင် ရွှေရောင်ဆိုးထားတယ်လေ။ အဲဒီရွှေရောင် အောက်ကနေ ဆံပင် အမဲရောင်လေးတွေထွက်နေတာ အရမ်းကြည့်ကောင်းတယ်၊ နင်သိလား၊ နင်သိမှာမဟုတ်တော့ဘူး။ နင့်ကိုယ်ပေါ်မှာ အဖြူရောင်လည်ကတုံးလက်ရှည်နဲ့ နင်အရမ်းကြိုက်တဲ့ ပုဆိုးအနီရောင်အကွက်စိပ်လေးကို လွှမ်းခြုံပေးထားတယ်။ နင့်ကိုကြည့်ပြီး ဘယ်တုန်းကမှ မျက်ရည်မကျခဲ့တဲ့ အဖွား မျက်ရည်ကျပြီး ငိုခဲ့တယ်။ နင်က မိုက်ခဲ့တာကိုး။ ဒါပေမယ့် နင့်ကို အားလုံးကချစ်ခဲ့ကြပါတယ်။ နင့်ကို မြေချဖို့ပြင်နေပီ။ နင့်အပေါ်လွှမ်းထားတဲ့ အကျီကို ဖယ်လိုက်တဲ့အချိန်ကျမှ နင့်ပုံကို ငါသေချာတွေ့လိုက်တယ်။ နင့်ကို ရင်ခွဲထားတာပဲ။ နင်ဘယ်လိုလုပ် အသက်ရှင်နိုင်တော့မှာလဲ။ နင် တစ်ချိန်ချိန်မှာ တစ်နေရာရာကနေ ပြန်ပေါ်လာမယ်လို့ ထင်ထားခဲ့တဲ့ငါ။ အုတ်ဂူတွေ ကြားထဲကနေများ နင် ထွက်လာမလားလို့ လိုက်ရှာနေမိတဲ့ငါ . . အခုတော့ . . . . . .။ ကျန်ခဲ့ပြီလေ။ နင် ကြောက်တယ်ဆိုတဲ့ နေရာမှာ နင် တစ်ယောက်တည်း ကျန်ခဲ့တယ်။ နင်မကြောက်တော့ဘူးမလား၊ နင့်မှာ ကြောက်စိတ်မရှိတော့ဘူးလေ။ ဘာလို့လည်းဆိုတော့ နင် လည်း နင်ကြောက်တဲ့ သူတွေလိုပဲ တစ်သားတည်း ဖြစ်သွားခဲ့ပြီပဲ။

သင်္ကြန်အကြိုနေ့ (၁၂)၊ (၁၃)ရက်နေ့ ရက်လည် . . .

သင်္ကြန် အကျ (၁၄) ရက်နေ့ မနက် တစ်ခုခုလိုနေသလိုပဲ။ သင်္ကြန်မနက်ရောက်တိုင်း နင်ဆွဲပြီး ထွက်နေကြ နင့်စက်ဘီးလေးကိုကြည့်ပြီး ဘယ်သူမှ ရေမကစားချင်ကြဘူး။ အကုန်လုံး ၀မ်းနည်း သတိရနေကြတယ်လေ။

သင်္ကြန် အကြတ် (၁၅)ရက်နေ့

နင်ရှိမယ်ဆိုရင် ဒီနေ့ ဘာတွေ လုပ်နေမလဲ . . .စဉ်းစားရင်းပေါ့

သင်္ကြန် အတတ် (၁၆) ရက်နေ့

သင်္ကြန်အတက်နေ့ရောက်နေပြီ။ ဟိုးအရင်နှစ်တွေကဆိုရင် ဒီနေ့လိုနေ့မျိုးမှာ နင့်ကို ဘယ်နေရာမှာ လိုက်ရှာပြီး၊ အိမ်ကိုပြန်ပို့နေလောက်ပြီ။ အားလုံး အတွေးကိုယ်စီနဲ့ပါ။

၇-၄-၂၀၀၉

သင်္ကြန်ရောက်ခါနီးပြီ။ ဘာလိုလိုနဲ့ နင် ငါတို့မိသားစုကနေ ထွက်သွားတာ (၁)နှစ် တင်းတင်းပြည့်ခဲ့ပြီ။ အမှတ်ရနေဆဲပါ။ သတိရနေဆဲပါ။

၇-၄-၂၀၀၈

ဘ၀အတွက် အမှတ်တရ နေ့လေးတစ်နေ့ပါပဲ။
မေ့မရတဲ့နေ့လည်းဖြစ်တယ်။
မိသားစုတစ်ခုအတွက် အမှတ်တရအဖြစ်ဆုံးနေ့တစ်နေ့ပါပဲ။
နောင်နှစ်ပေါင်းများစွာလည်း သတိရ နေမှာပါ။